လောကတွင် ဘုရားများ မြောက်များစွာ ပွင့်ခဲ့ပြီးပြီဟု ဆိုပါ သည်။ ထိုပွင့်တော်မူပြီးသည့် ဘုရားရှင်များသည် ပွင့်တော်မူ သည့် သက်တမ်းအလိုက် တရားတော်များ၊ အဆုံးအမ များကို လည်း မနေမနား ဟောကြားတော်မူခဲ့ကြောင်း မှတ်သားဖူးပါ သည်။ ယခု ဘဒ္ဒကမ္ဘာတွင်လည်း ဘုရားငါးဆူ ပွင့်တော်မူမည် ဖြစ်ရာ ကျွန်တော်တို့ လက်ရှိကြုံနေရသည့် သာသနာကို တည် ထောင်တော်မူသည့် ဂေါတမမြတ်စွာဘုရား အပါအ၀င် ရှေ့မှာ ပွင့်တော်မူပြီးသွားသည့် ဘုရားသုံးဆူနှင့် နောင်ပွင့်တော်မူမည့် ဘုရားတစ်ဆူတို့သည်လည်း ပွင့်တော်မူသည့် သက်တမ်းတွင် တရားတော်များ အဆုံးအမများကို ဟောပြောပြသ ဆုံးမခဲ့၊ ဆုံး မမြဲ၊ ဆုံးမနေဦးမည် ဖြစ်ပါသည်။ မရေမတွက်နိုင်သော ဘုရား ရှင်များက အဆုံးအမများ မည်မျှ များပြားစွာ ဆုံးမသော်ငြား လည်း ထိုအဆုံးအမများအား အနှစ်ချုပ်လျှင် သုံးမျိုးသာ ထွက် ပေါ်လာမည် ဖြစ်ပြီး ထိုသုံးမျိုးသော အဆုံးအမသည် အဆူဆူ သော ဘုရားရှင်အားလုံးတို့၏ တူညီသည့် အဆုံးအမပင် ဖြစ်ပါ သည်။
ထိုအဆုံးအမအနှစ်ချုပ် သုံးမျိုးကား
၁။ မကောင်းမှု မှန်သမျှ မပြုလုပ်ရန်
၂။ ကောင်းမှုမှန်သမျှကို ကြိုးစားပြုလုပ်ရန်
၃။ မိမိ၏စိတ်ကို ဖြူစင်အောင်ထားရန် တို့ ဖြစ်သည်။
ဤသုံးမျိုးသည် ဘုရားရှင်အားလုံးတို့၏ တူညီသည့် အဆုံးအမ အနှစ်ချုပ်ပင် ဖြစ်ပါသည်။ မကောင်းသည့် အကုသိုလ် ဒုစရိုက် များကို မပြုလုပ်ဘဲ၊ ကုသိုလ်သုစရိုက်များဖြင့် ပျော်မွေ့နိုင်ရန် ကြိုးစားပြီး မိမိမိမိတို့၏ စိတ်ကို ပြူစင်အောင် အားထုတ်ကြစေ ရန် ဆုံးမတော်မူခြင်း ဖြစ်သည်။
မကောင်းမှု အကုသိုလ်ဟူသည် ကာယကံဖြင့်လည်း ပြုလုပ်နိုင်၊ ၀စီကံဖြင့်လည်း ပြုလုပ်နိုင်၊ မနောကံဖြင့်လည်း ပြုလုပ်နိုင် သဖြင့် ဤကံသုံးပါးကို သတိတရားဖြင့် ထိန်းသိမ်းပြီး ကုသိုလ် တရားများတွင့် ပျော်မွေ့နိုင်ရန်နှင့် ထို့ထက် အရေးအကြီးဆုံး ကား မိမိစိတ်ကို ဖြူစင်အောင် အားထုတ်ရန်ပင် ဖြစ်ကြောင်း ဆုံးမတော်မူလိုရင်း ဖြစ်ပါသည်။
ထိုအရာသုံးမျိုးလုံး ပြည့်စုံစေရန် အဓိက ထိန်းသိမ်းပေးသည့် ပဲ့ကိုင်ရှင်ကား သတိတရားပင် ဖြစ်ပါသည်။ သတိဟူသည် ပို သွားသည်ဟူသည် မရှိသည့် တရားဖြစ်ပြီး အမြဲလိုနေသည့် တရားဖြစ်သည်။ သတိမရှိလျှင် ကုသိုလ်နှင့် အကုသိုလ်ကို မခွဲ ခြားနိုင်ဘဲ စိတ်ကိုလည်း ဖြူစင်အောင် မလုပ်နိုင်ပေ။ သတိမရှိဘဲ မေ့လျော့ကြသည့်အခါ အကုသိုလ် အလုပ်များတွင် ပျော်မွေ့နေတတ်ပြီး သတိရှိနေလျင်ကား ကုသိုလ်တရားများ တွင် အားထုတ်ရင်း စိတ်ကိုလည်း ပြူစင်အောင် ကြိုးစားနိုင် မည် ဖြစ်ကြောင်း မှတ်သားဖူးပါသည်။
စင်စစ် ဤအဆုံးအမ သုံးမျိုးသည် အရေအတွက်အားဖြင့် သုံး မျိုးမျှသာ ဖြစ်သော်လည်း လက်တွေ့လိုက်နာ ကျင့်သုံးရန်မှာ အလွန်ခက်ခဲလှပါသည်။ ပုထုဇင်သတ္တ၀ါများ ဖြစ်၍ ကိလေသာ အာရုံများတွင် ပျော်မွေ့နေကြသဖြင့်လည်း လိုက်နာကျင့်သုံး ရန် ခက်ခဲကြခြင်း ဖြစ်ပါသည်။ အများအားဖြင့် အကုသိုလ် အဖြစ် လွယ်သည့် အခြေအနေများတွင် ရှိတတ်ကြရာ ထိုအခြေ အနေနှင့် ဆန့်ကျင်ပြီး မလုပ်ရန် ရှောင်ရှားစေခြင်းသည် အပြောလွယ် သလောက် အလုပ်ခက်သည့် သဘောရှိပါသည်။ သို့သော် ထိုမကောင်းမှုကို ရှောင်ပြီး ကောင်းမှုဆောင်စေရန် ညွန်ကြားချက်တွင် တစ်ခုကိုသာ လုပ်နေပါက အခြားတစ်ခု သည် အလိုလို မလုပ်ဖြစ်ဘဲ ရှိနေမည်သာ ဖြစ်ပါသည်။ ကုသိုလ်တရားများ ဆောင်ထားသည့် ပုဂ္ဂိုလ်တွင် ထိုအခိုက်၌ အကုသိုလ်များ မဖြစ်နိုင်သကဲ့သို့ အကုသိုလ် အလုပ်များဖြင့် ကျင်လည်နေသူများသည်လည်း ထိုအခိုက်တွင် ကုသိုလ်တရား များ မဖြစ်ဘဲ ရှိနေမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ကုသိုလ် ကောင်းမှုသာ လုပ်နေနိုင်လျှင် မကောင်းမှု အကုသိုလ်ဟူသည် သီးသန့်ရှောင်စရာပင် မလိုကြောင်း ဆိုကြခြင်း ဖြစ်ပါသည်။
ထို့ထက်ပိုအရေးကြီးသည်မှာ စိတ်ပင်ဖြစ်ပါသည်။ အရာရာ သည် စိတ်ကြောင့်သာ ဖြစ်ပေါ်လာတတ်သည့် သဘောရှိသဖြင့် စိတ်တွင် အညစ်အကြေးရှိသည့် အခါ အကုသိုလ် ဖြစ်နိုင်ဖွယ် ရှိပြီး စိတ်တွင် မကောင်းသည့် အာရုံများမရှိ ဖြူစင်နေသည့် အခါ ကုသိုလ်ဖြစ်နေမည်သာ ဖြစ်ပါသည်။ စိတ်မဖြူစင်လျှင် မည်သည့်အကုသိုလ် အလုပ်မဆို လုပ်မိတတ်ပြီး စိတ်ဖြူစင်နေ လျှင်ကား ကုသိုလ်တရားများတွင်သာ မွေ့လျှော်ပျော်ပိုက် နေ မည်သာ ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားရှင်များက မိမိတို့၏ စိတ်ကို ဖြူစင်အောင် ကြိုးစားကြဟု ဆုံးမတော်မူခြင်း ဖြစ်ပါ သည်။
ကုသိုလ်၊ အကုသိုလ်ဖြစ်ကြောင်းများတွင် စိတ်ဖြူစင်မှု၊ မဖြူစင် မှုသည် အဓိကကျသကဲ့သို့ စိတ်ဖြူစင်မှု၊ မဖြူစင်မှုသည်လည်း သတိရှိမှု၊ မရှိမှုအပေါ်တွင် တည်မှီနေပေသည်။ သတိရှိနေလျှင် စိတ်ဖြူနေမည်ဖြစ်ပြီး စိတ်ဖြူနေလျှင် ကုသိုလ်ဖြစ်နေမည် ဖြစ် ကာ ကုသိုလ်ဖြစ်နေလျှင် အကုသိုလ်ကို ရှောင်နေပြီးသား ဖြစ် ပါသည်။ အချုပ်မှာ သတိပင် ဖြစ်ပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓ က “အပ္ပမာဒေန သမ္ပာဒေထ- အစစအရာရာ မမေ့မလျော့ သည့် သတိတရားဖြင့် ကောင်းအောင်နေထိုင်ကြ”ဟု မကြာ ခဏ မိန့်မှာတော်မူခြင်း ဖြစ်ပါသည်။
မည်သို့ဆိုစေ။ ဘုရားရှင်များ၏ အဆုံးအမများသည် တန်ဘိုး ကြီးမားပြီး အဖိုးမဖြတ်နိုင်သည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဘုရားစကားတော် အားလုံးကို သတိမပြုနိုင်၊ မသိရှိနိုင်သော် လည်း ဤဆုံးမချက် သုံးမျိုးကိုသာ လက်ကိုင်ထားပြီး လိုက်နာ ကျင့်သုံးနိုင်မည် ဆိုလျှင်ကား အားလုံးပြီးပြည့်စုံပြီဟု ဆိုနိုင်မည် ဖြစ်ပါသည်။ မကောင်းမှုရှောင်ပြီး ကောင်းမှုဆောင်ကာ စိတ်ကို ဖြူအောင်ထားနိုင်ပြီ ဆိုပါက ပစ္စုပ္ပန် သံသရာ နှစ်ဖြာကြီးပွား နိုင်မည် ဖြစ်ပြီး နိဗ္ဗာန်အထိပင် မျက်မှောက်နိုင်မည် ဖြစ်ပါ သည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်များ အနေဖြင့် ဘုရား တရား၊ ဘုရားစကားများကို အကုန်မသိနိုင်၊ မနာနိုင်သော် လည်း ယခုအဆုံးအမ သုံးခုကိုကား သတိတရား လက်ကိုင်ထား ပြီး ကြိုးစားလိုက်နာရင်း ဘုရားရှင်များအား ပူဇော်ကြပါစို့ဟု သာ တိုက်တွန်းသမှု ပြုလိုက်ရပါတော့သည်။
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား…။
မောင်ဆန်းကြယ် |