![]() |
|---|
ဤမျှလောက်သောစည်းစိမ်သည်.....”ဤမျှလောက်သောစည်းစိမ်သည် ငါတို့ေ၇အိမ်တစ်ခါတက်ကိုမျှ မတန်လေ။ ရေအိမ် တစ်ခါတက် လျှင်ပင် အသုဘကမ္မဠာန်းကို များစွာပွားသည် မဟုတ်တုံလော” (နန်းကျောင်းဆရာတော်) နန်းကျောင်းဆရာတော်ဆိုတဲ့ နာမည်ကို ငယ်ရွယ်စဉ်ကတည်းကကို ရင်းနှီးခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ်က သဒ္ဒါစသင်ရတော့ နန်းကျောင်းဆရာတော် ရေးတဲ့ နန်းကျောင်းမူ သဒ္ဒါကြီး နိဿယနဲ့ သင်ခဲ့ရတာကိုး။ အဲဒီကာလာတုန်းက နန်းကျောင်းဆရာတော်ဆိုတာ သဒ္ဒါကြီးနိဿယ ရေးတဲ့ ဆရာတော်ပဲ ဆိုတာလောက်သာ သိခဲ့ရပါတယ်။ ဒီထက်ပိုပြီး မသိခဲ့ရပါဘူး။ နောက်အခါ ၀ါသနာအလျောက် သာသနာဝင်ကျမ်းတွေဖတ်ဖြစ်တော့မှပဲ နန်းကျောင်းဆရာတော် အကြောင်းကို သေချာသိရတော့တာပါ။ နန်းကျောင်းဆရာတော်က သဒ္ဒါကြိးနိဿယအပြင် တခြားကျမ်းများစွာ ကိုလည်း ပြုစုခဲ့ပါတယ်။ ဒါပေမယ့် တခြားကျမ်းစာတွေက ဒီနေ့ခေတ်မှာ အသုံးပြုတာ သိပ်ပြီး မတွေ့ရပါဘူး။ သဒ္ဒါကြီး နိဿယ ကတော့ ဒီနေ့ မျက်မှောက် အထိ စာချ ဆရာတော်တွေ၊ စာသင်သားတွေ တွင်တွင်ကျယ်ကျယ် သုံးနေရဆဲပါ။ သမိုင်းကြောင်း လိပ်ပတ်လည်သွားအောင် ရှေ့ပိုင်းသမိုင်းဖြစ်ကိုပါ နည်းနည်းထည့်ပြောပါရစေဦး။ အင်းဝနေပြည်တော်မှာ ထီးနန်းစိုက်နေတဲ့ သာလွန်မင်းတရားကြီးက စစ်ကိုင်းမှာ ရာဇမဏိစူဠ အမည်ရတဲ့ ကောင်းမှုတော်ဘုရားကြီး တည်တော်မူပါတယ်။ တည်တော်မူပုံက သရေခေတ္တရာ ဒွတ္တဘောင်မင်းကြီး ကောင်းမှုတော် ခြောက်ဆူထဲက သရမာစေတီပုံကို အတုယူပြီး တည်တာပါ။ ပြီးတော့ စေတီရဲ့ အရှေ့အနောက် တောင်မြောက်မှာလည်း ကျောင်းတိုက်ကြီးလေးတိုက်ကို ဆောက်လုပ် လှူဒါန်းပြီး ရဟန်းသံဃာတော်တွေကို သီတင်းသုံးစေပါတယ်။ ဒါပေမယ့် သာလွန်မင်းတရားကြီးက စေတီတော်ကြီး ရေစက်မချသေးခင်မှာပဲ နတ်ရွာစံခဲ့ပါတယ်။ ဒါကြောင့် ဖခင်ရဲ့အရိုက်အရာကို သားတော် မင်းရဲ့ရန္တမိတ်က (၁၀၁၀) ခုနှစ်မှာ ဆက်ခံခဲ့ပါတယ်။ ခမည်းတော်လက်ထက်မှာ မပြီးပြတ်သေးတဲ့ ကောင်းမှုအရပ်ရပ်ကို ပြီးပြတ်အောင် ဆက်ပြီး ဆောင်ရွက်ခဲ့ပါတယ်။ နန်းသက်ရှည်ဇာတာ ပါမလာလို့မသိပါဘူး။ ၁၀၂၃ ခုနှစ်မှာ ” စစ်ကိုင်းသောတပန်နတ်ကြီး (၉၆) ပါး ပြောင်းသွားတော့မည်” ဆိုတဲ့ ကောလဟာလ တပေါင်တွေ ပေါ်လာပြီး မကြာမီမှာပဲ တရုတ်စစ်တွေ ရောက်လာပါတယ်။ ပြည်သူပြည်သားတွေ အထိတ်အလန့်ဖြစ်၊ ရဟန်းသံဃာတော် တွေ ထိပါးပုတ်ခံရနဲ့ တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်သွားပါတယ်။ ဒါကြောင့် ညီတော် ပြည်မင်းသားက တိုင်းသူပြည်သားတွေနဲ့ တိုင်ပင်ပြီး ထီးနန်းကို သိမ်းယူလိုက်ပါတယ်။ နန်းတက်တက်ချင်းပဲ ပရိယတ္တိ၊ ပဋိပတ္တိနဲ့ ထင်ရှား ကျော်ကြားတဲ့ ဆရာတော်တွေကို ပင့်ပြီး နန်းတော်ထဲမှာ ဆွမ်းကပ်ပါတယ်။ ဆွမ်းစားပြီးတော့ ဆရာတော်တွေက အနုမောဒနာတရားဟော၊ တရားဆုံးလို့ သာဓုခေါ်အပြီးမှာ ပြည်မင်းက ” တပည့်တော်သည် အလိုမရှိဘဲလျက် အမှူးအမတ် အမှုထမ်း သူရဲသူခက်တို့က ကျွန်တော်တို့ ကိုးကွယ်၇ာမရှိပြီဟူ၍ အကြိမ်ကြိမ် လျှောက်ထားသော ကြောင့် သံဃာအားကို ဘုရားမဆန်နိုင်ဆိုသကဲ့သို့ တပည့်တော် မင်းပြုရပါသည် လို့ လျှောက်ပါ တယ်။ ဒီတော့ တခြားဆရာတော်တွေက ” ကြံသော်လည်း ကံမရှိက မဖြစ်ရာ၊ မကြံသော်လည်း ကံကြီးက ဖြစ်ရာသည်” လို့ အလိုက်အထိုက် ပြန်မိန့်ကြပါတယ်။ နန်းကျောင်းဆရာတော်ကတော့ ချက်ချင်းဆိုသလိုပဲ ” ငါတို့အရာမဟုတ်၊ ညီတော် နောင်တော်နှစ်ပါး ဟုတ်၊ မဟုတ် အောက်အ၀ီစီ ရောက်မှ ငြင်းခုံကြပါလေ လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီစကားကြားရသော ပြည်မင်းက နန်းကျောင်းဆရာတော်ကို ကြိတ်ပြီးကြည်ညိုနေပါတယ်။ နှုတ်ကတော့ ဖွင့်ပြီး မပြောပါဘူး။ ငါအတွက် အထူးကိုးကွယ်ရာတစ်ပါးပေပဲ ဟု ဆိုပြီး ရင်ထဲကပဲ အာရုံပြုထားလိုက်ပါတယ်။ အဲဒီကာလတုန်းက ဆရာတော်က မြောက်နန်းကျောင်းဆရာတော် ဆိုတဲ့ အမည်မတွင်သေးပါဘူး။ ဘွဲ့ရင်းဖြစ်တဲ့ အရှင်အဂ္ဂဓမ္မာလင်္ကာရဆိုတဲ့ အမည်ပဲရှိပါသေးတယ်။ ပြည်မင်း ဘိသိတ်ခံပြီး မကြာခင်မှာ ဇာတာတော် မသန့်ဆိုပြီး သက်ငယ်ဟာ ယာယီနန်း ဆောက်လုပ်ပြီး အဲဒီနန်းတော်မှာပဲ ဘုံဿဝတီ သမုတ်ပြီး ခေတ္တစံနေပါတယ်။ သက်ငယ်ယာယီနန်း ရဲ့ မြောက်နန်းဆောင်ကို မြောက်နန်းကျောင်းဆိုပြီး ဆောက်လုပ်ပါတယ်။ တောင်းနန်းဆောင်ကို တောင်နန်းကျောင်းဆိုပြီး ဆောက်လုပ်ပါတယ်။ ပြီးတော့မှ ဟိုယခင် ရင်ထဲက ကျိတ်ပြီး ကြည်ညို ထားတဲ့ အရှင်မဂ္ဂဓမ္မာလင်္ကာရကို စစ်ကိုင်းအိမ်ရှေ့ကျောင်းကပင့်ပြီး မြောက်နန်းကျောင်းကို တင်လှူတော်မူပါတယ်။ ( တခြားကြည်ညိုရာ ဆရာတော်တစ်ပါးကိုလည်း တောင်နန်းကျောင်းပင့် ပြီး တင်လှူပါတယ်)ဒီအခါကျမှ နန်းကျောင်းဆရာတော်ဆိုတဲ့ အမည်တွင်သွားတာပါ။ ဆရာတော်က အဲဒီမြောက်နန်းကျောင်း မှာပဲ ကျမ်းများစွာကို ရေးသွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းကာလမှတော့ မြောက်နန်းကျောင်းဆရာတော်အမည်ထက် ”နန်းကျောင်းဆရာတော်” ဆိုတဲ့ အမည်တွင်ကျန်ရစ်ခဲ့တာ ဒီနေ့ခေတ်အထိပါပဲ။ အဲဒီအချိန်ကာလမှာပဲ နန်းကျောင်းဆရာတော်ရဲ့တပည့် နန်းကျောင်း၇ံမှာနေတဲ့ အရှင်ဇိနာရာမကို အိမ်ရှေ့မင်းက တံတားဦးလယ်ပြင်အရပ်မှာ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းပါတယ်။ နန်းကျောင်းဆရာတော်မှာ အရှင်ဂုဏဂန္ဓဆိုတဲ့ တပည့်တစ်ပါးလည်း ရှိနေပါသေးတယ်။ အရှင်ဂုဏ၀န္ဓက ချင်းတွင်းရာဇာတိပါ။ အင်းဝမှာ စာသွားသင်ပြီး စာပေတတ်တော့ ဇာတိ ချင်းတွင်းရွာ မှာပဲ ပြန်ပြီး ကျောင်းထိုင်နေပါတယ်။ ဒါပေမယ့် တောရွာဆိုတော့ ပစ္စည်း လာဘ်လာဘ ရှားပါပြီး ဆင်းရဲငြိုငြင်စွာ သီတင်းသုံးနေရပါတယ်။ တိုက်တိုက် ဆိုင်ဆိုင်ပါပဲ နန်းကျောင်း ဆရာတော်က ” ချင်းတွင်းရွာမှာ အမျက်ကျောက်ကောင်းသာ ရှိတာမဟုတ်ဘူး၊ ပိဋိကတ်အိုးတစ်လုံးလဲ အသုံးအဆောင်မရပဲ ရှိနေတယ်လို့” ဘုရင်ကို အမိန့်ရှိပါတယ်။ ပြည်ဘုရင်ကလည်း ဆရာတော့်စကား ကြားတာနဲ့ အရှင်ဂုဏဂန္ဓကို တံတားဦးမှာ မှန်စီကျောင်း ဆောက်လုပ်လှူဒါန်းပေးပါတယ်။ ပြည်ဘုရင်ရဲ့တောင်းပန်ချက်ကြောင့်ပဲ ”ရာဇ၀င်”ဆိုတဲ့ ကျမ်းကိုလည်း ပြုစုပါတယ်။ နောင်မှာတော့ ”မြောက်နန်းရာဇ၀င်” ဆိုပြီး တွင်ကျန်ရစ်ခဲ့ပါတယ်။ နန်းကျောင်းဆရာတော်ဟာ ကျမ်းဂန်များစွာ ပြုစုရင်းနဲ့ တစ်ဖက်ကလည်း စာသင်သားများစွာကို စာပေပို့ချပေးပါတယ်။ ကျန်တဲ့အချိန်မှာတော့ ကမ္မဠာန်းဘာဝနာကို ပွားများနေလေ့ရှိတယ်လို့ ဆိုပါတယ်။ နန်းကျောင်းဆရာတော်က ပဉ္စင်းငယ် ဘ၀မှာ တောင်ဖီလာဆရာတော်ကြီးကို မီလိုက်ပါတယ်။ တောင်ဖီလာဆရာတော်ဘုရားကြီးက ရဟန်း ပရိတ်သတ် စုံတဲ့ပွဲ တစ်ခုမှာ ”အဂ္ဂဓမ္မာလင်္ကာ တို့လည်း ငါတို့မရှိလျှင် ကျမ်းဂန် တတ်ပြုချေတော့မည်” လို့ အပျော်အပါး မိန့်တော်မူတော့ နန်းကျောင်း ဆရာတော်လောင်းက ” အရှင်ဘုရားတို့ မရှိလျှင် တပည့်တော်တို့ပင် ကျမ်းတတ် မဟုတ်ကုန်လော့” လို့ ပြန်လျှောက်ခဲ့ပါ တယ်။ စကားသာဓကရှိခဲ့တဲ့အတိုင်း ပြည်မင်းလက်ထက်မှာ ထင်ရှားတဲ့ ကျမ်းဂန်တတ် ဆရာတော် တစ်ပါးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ရဟန်းလူထွက်ဖြစ်တဲ့ သတိုးမင်းကြီး( အမတ်ကြီး)ဟာ မှူးမတ်အဆောင်အရွက် အခင်းအကျင်းတွေနဲ့ ကျောင်းကိုရောက်လာ ပါတယ်။ တကယ်တော့ နန်းကျောင်း ဆရာတော်ဟာ လည်း ပြည်မင်းအမတ် နေမျိုးနော်ရထာရဲ့ သားဖြစ်လို့ အမတ်အမျိုးအနွယ်ထဲကပါ။ သတိုးမင်းကြီးက ဆရာတော်နဲ့ စကားတွေပြောင်းရင်း ပြန်ခါနီးကျတော့ သူရဲ့အခင်းအကျင်း အခြွေအရံ တွေကိုပြပြီး အရှင်ဘုရား လူသာဖြစ်ရင် ဤမျှလောက်သော စည်းစိမ်ကို ရလိမ့်မည်လို့ လျှောက်ပါတယ်။ ဒီတော့ နန်းကျောင်းဆရာတော်က ”ဤမျှလောက်သော စည်းစိမ်သည် ငါတို့ ရေအိမ်တစ်ခါတက်မျှကိုမတန်လေ၊ ရေအိမ် တစ်ခါတက်လျှင်ပင် အသုဘကမ္မဠာန်းကို များစွာပွားသည် အဟုတ်တုံလော” လို့ ပြန်မိန့်လိုက်ပါတယ်။ သာသနာမှာ ဒီနေ့အထိ ဥဒါန်းတွင်ရစ်ခဲ့တဲ့ စကားတစ်ခွန်းပါ။ ဆရာတော်မိန့်ကြားစကားကို တစ်ဆင့်စကားနဲ့ ပြည်ဘုရင် ကြားသိရတော့ သူ့ဆရာတော်ကို ကြည်ညိုလို့မဆုံး ဖြစ်ပါသတဲ့။ ငါ့ဘ၀မှာ ဒီလိုဆရာတော် မျိုးရှိပါလား ဆိုပြီး အသက်ထက်ဆုံး ကြည်ညိုသွားပါတဲ့။ နန်းကျောင်းဆရာတော်ရဲ့ စကားတစ်ခွန်းဟာ ပြည်ဘုရင်အတွက် တွေးမိတိုင်း ကုသိုလ်ဇောတွေ စောဖြစ်ခဲ့ပါတယ်။ ဘာပဲပြောပြော ကိုယ့်ဘ၀မှာ ကုသိုလ်ဇောတွေစောဖြစ်ဖို့ ၀န်းကျင်ကောင်းတစ်ခုတော့ ရှိသင့်တာအမှန်ပါပဲ။ ကျမ်းကိုး (၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသတ်ကြီး) (၂) သီလ၀ိသောဓနီ ( တတိယ နံမော်ဆရာတော်) (၃) နန်းကျောင်းဆရာတော် (ရဝေထွန်း) |
သီတဂူဆရာတော်ကြီး
“ငါတို့ကို တိုင်းပြည်နှင့် သာသနာက လေးစားတယ် ဆိုတာ အများအကျိုး ပြုလုပ်ငန်းတွေ ကြောင့်ပဲ၊ ငါကတော့ သာသနာ့ ကျေးကျွန် အဖြစ်ခံယူပါရ စေလို့ ဒီလိုပဲ ခံယူထားပါတယ်၊ ငါတပည့် တွေ ကိုလည်း ကိုယ့်သာသနာ ကိုယ့်ဘာသာ အတွက် အနစ်နာခံ တဲ့စိတ် စွန့်လွှတ် တဲ့စိတ် နှင့် အလုပ်လုပ် စေချင် တယ်”
တိပိဋက-ယောဆရာတော်
သူတော်ကောင်းအဓိပ္ပါယ် သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်က ကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်း ဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်း ကောင်း ကိုယ်ကကောင်းရမယ်၊ ဒါမှ သူတော်ကောင်း အစစ် ဖြစ်နိုင်မယ်။
အရှင်ဥာဏောဘာသ
ဝိပဿနာ မြတ်တရားများ ၃။ ကာယမိမံတရားထိုင်ပုံထိုင်နည်း ၈။ ဝိဝေကသုံးပါး တဏှာနှင့်ရန်ဖြစ်ရဲမှ ၁၃။ ဝိသုဒ္ဒိ (၇)ပါး အလုပ်စဉ်တရား ၁၄။ ဝိဖ္ဖာနှင့်စရဏ (၂)ပါးပြည့်စုံမ ၁၆။ ဝေဒနာကို (၇) ချက်ဖြင့်မြင်အောင်ရ ၁၉။ နိဝရဏပယ်နည်းနှင့် ဝိဝေက(၃)ပါး ၂၀။ အဖုံးနှစ်ချပ်လှန် နိဗ္ဗာန်မြင်
သေချိန်တန်ကသေကြရ ဆိုတဲ့တရားတော်
လူလားခွေးလား ဆိုတဲ့တရားတော်
သားသမီးယုံ စုံလုံးကန်း ဆိုတဲ့တရားတော်
ကျေးဇူးရှိမှကျေးစွပ်ရ ဆိုတဲ့တရားတော်
မချစ်တာနဲ့ရန်ငြှိုးဖွဲ့ ဆိုတဲ့တရားတော်
လက်နက်ပိုင်ရှင်နို့ထမ်းဘုရင် ဆိုတဲ့တရားတော်
အမြတ်ဆုံးရတနာ ဆိုတဲ့တရားတော်
ရခိုင်ရိုးရာ လောင်းလှေပြိုင်ပွဲ
|
|||||||||||||||||||||||||||||||||||||||||||||||||||
|
||||||||||||||||||||||||||||||||||||||||||||||||||||