ဘုန်းဘုန်ုးကိုမသိတာလေး မေးပါအုံးမယ်ဘုရား။ လူတစ်ယောက်က နွားတို့ ဆိတ်တို့ သတ်တဲ့ စနေဒိုင်ပေါ့။ သူ သေသွားတော့ သူဟာ လူဝင်စား ဖြစ်တယ်တဲ့။ ကောင်း ကောင်း မွန်မွန်ပဲ သူဌေးသားဖြစ်နေတယ်တဲ့။ ဟိုဘ၀က အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘ၀မှာကောင်းစားနေတယ်။ နောက် လူတစ်ယောက်က ဘုရားတရား ကိုင်းရှိုင်းတယ် ကောင်းမှု့ကုသိုလ်တွေပဲ အမြဲလုပ်တယ်။ ဒါပေမဲ့ သူသေ တော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများအိမ်က နှင်ထုတ်ခံရ တဲ့ ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုချင်တာကတော့ အဲဒီ လူနှစ်ယောက်ရဲ့ နောက်ဆုံးအချိန် ကွာခြားချက်က ဘာလဲဘုရား။ တပည့်တော် မရှင်းပါဘူးဘုရား။ ဖြေရှင်းပြပါဘုရား။ ရိုသေစွာဖြင့် ဘုန်းဘုန်းရဲ့တပည့်မ။
အင်း အဲဒီလိုအကျိုးပေး ကွာခြားချက်မှုများကို ကံ(၄)ပါးနဲ့ ယှဉ်ကြည့်ရင် သိပါလိမ့်မယ်။ ကံ(၄)ပါးကား (၁)မျက်မှောက် ဘ၀တွင် အကျိုးပေးသာကံ၊ (၂)ဒုတိယဘ၀မှ အကျိုးပေး သောကံ၊ (၃) တတိယဘ၀မှ စ၍ နောက်ဆုံး နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အခွင့်သာတိုင်း အကျိုးပေးသောကံ၊ (၄) အကျိုးပေးရမည့်ကာလ၌ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက် သွားသောကံဆိုပြီး ကံလေးမျိုးရှိပါတယ်။
အဲဒီတော့ မိမိလုပ်တဲ့ ကောင်းမှုမကောင်းမှုသည် ဘယ်အချိန် ဘယ်ဘ၀မှာ အကျိုးပေးမယ်ဆိုတာ သေချာပြောလို့ မရပါ ဘူး။ မရေတွက်နိုင်သော ဘ၀ပေါင်းများစွာက မိမိပြုလုပ်ခဲ့ တဲ့ ကောင်းကံမကောင်းကံတွေကလည်း မိမိမှာ ရှိနေတယ် လေ။
နောက်ပြီး ကံအပြား(၄)ပါးဆိုတာလည်း ရှိပါသေးတယ်။ ကံအပြား(၄)ပါးကတော့ (၁) ပဋိသန္ဓေတည်ရုံ ပဋိသန္ဓေ တည်ပြီး ဖြစ်ရမည့်ဘ၀မှာ ဆက်လက်ဖြစ်အောင် ဖြစ်စေ တတ်သော ပ၀တ္တိကံ။ (၂) ဖြစ်လာတဲ့ဘ၀မှာ နောက်ကနေ ကောင်းကျိုးမကောင်းကျိုးကို ထောက်ပံ့ပေးသောကံ။ (၃) ကပ်၍နှိပ်စက်တတ်သောကံ။ ဥပမာ-လူအဖြစ်ကို ရပါသော် လည်း အမျိုးယုတ်ခြင်း၊ အင်္ဂါမစုံခြင်းစသောကံ။ (၄) ကပ်၍ ဖြစ်တတ်သောကံ။ ဥပမာ-သက်တမ်းမကုန်ဘဲ ရောဂါနဲ့ဖြစ် စေ၊ တစ်ခုခုသော အကြောင်းကြောင့်ဖြစ်စေ သေရခြင်း စသည်ကံဆိုပြီး ကံအပြားလေးမျိုးလည်း ရှိပါတယ်။ အဲဒီတော့ မိမိရဲ့ ကောင်းကံ မကောင်းကံသည် ဘယ်လိုချိန် မှာ ဘယ်လိုတွေ အကျိုးပေးမယ်ဆိုတာ ပြောလို့မရလေ။
နောက်ပြီး ကောင်းကံ မကောင်းကံ အကျိုးပေး ကွဲပြားခြား နားရတဲ့ ကံအပြား(၄)ပါး ရှိပါသေးတယ်။ အဲဒါတွေကတော့ (၁) အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာကို သတ်ခြင်း၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင် ပြုလုပ်ခြင်း၊ သံဃာတော် အချင်းချင်း ကွဲပြားအောင်လုပ်ခြင်းဆိုတဲ့ ဂရုကံ ကိုလုပ်ခြင်း။ (၂) သေခါနီးကာလ၌ကပ်ပြီး ပြုလုပ်အပ်သော ကောင်းကံ မကောင်းကံနှင့် သေခါနီး အာရုံထဲ၌ မိမိလုပ်ခဲ့ သော ကောင်းကံမကောင်းကံတို့ စိတ်ထဲပေါ်လာခြင်း။ (၃) နေ့စဉ်မပြတ် လေ့ကျင့်ပြုလုပ်လေ့ရှိသော တစ်ကြိမ်တစ်ခါ ပင် ပြုလုပ်မိသော်လည်း စိတ်ထဲမှာ အမြဲစွဲနေသော ကောင်း ကံ မကောင်းကံ။ (၄) ရှေးရှေးဘ၀က ပြုခဲ့ဖူးသောကံဆိုပြီး ကံလေးပါးရှိပါသေးတယ်။
ထို့ကြောင့် မိမိတို့လုပ်ခဲ့သော ကောင်းကံမကောင်းများသည် မရေတွက်နိုင်သော ဘ၀ပေါင်းများစွာက ပြုလုပ်ခဲ့သော ကံ များရှိသလို ယခုမျက်မှောက်နေ့စဉ် ပြုလုပ်နေသော ကံများ စွာလည်း ရှိနေသည်မို့ ကံတရားသည် ဒီဘ၀မှာ ကောင်းတာ ဖြစ်ပေမဲ့ နောက်ဘ၀မှာ ကောင်းတာဆက်ဖြစ်မယ်လို့ မပြော နိုင်ပါဘူး။ အရင်ဘ၀တွေကလုပ်ခဲ့တဲ့ ကံများစွာကလည်း အကျိုးပေးဖို့ ကျန်နေတာဖြစ်တဲ့အတွက် ခုချိန် ကံကောင်း နေပေမဲ့ တော်ကြာ ကံဆိုးချင် ဆိုးပါတယ်။
ယခုဘ၀တွင် ကောင်းတာများလုပ်သော်လည်း နောက်ဘ၀၌ ကောင်းသောဘုံမှာဖြစ်ပြီး ကောင်းကျိုးများကို ခံစားရမည် ဟု သေချာမပြောနိုင်သလို ယခုဘ၀တွင် မကောင်းတာများ လုပ်၍ နောက်ဘ၀၌ မကောင်းသောဘုံမှာဖြစ်ပြီး မကောင်း ကျိုးများကို ခံစားရမည်ဟုလည်း သေချာမပြောနိုင်ပေ။ အဘယ့်ကြောင့် ဆိုသော် မိမိတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် အမှား အမှန်ကို မခွဲခြားတတ်သေး၍ ဘ၀ပေါင်းများစွာက ပြုလုပ်ခဲ့ သော ကောင်းကံ မကောင်းကံတို့ ရောနှော၍ ရှိနေခြင်း ကြောင့်ဖြစ်သည်။ အရိယာမဖြစ်သေးသော ပုထုဇဉ်ပုဂ္ဂိုလ် များသည် အမှန်အမှားကို သေချာမခွဲခြားတတ်သော ဒိဋ္ဌိနှင့် ယုံမှားသံသယဖြစ်ခြင်း ၀ိကိစ္ဆာနှစ်ပါးရှိနေသေးသည်။
ယခုဘ၀တွင် ကောင်းတာ လုပ်မှုများသော်လည်း တစ်ချို့ သည် သေခါနီးကာလ၌ မကောင်းမှုအနည်းငယ်လေးကိုပင် အာရုံထဲပေါ်လာတက်၍ မကောင်းသောဘုံမှာ မကောင်းကျိုး ကို ခံစားရတတ်သလို တစ်ချို့သည် မကောင်းတာ လုပ်မှု များသော်လည်း သေခါနီးကာလ၌ ကောင်းမှုအနည်းငယ်ကို အာရုံထဲပေါ်လာ၍ ကောင်းသောဘုံမှာ ကောင်းကျိုးများကို ခံစားရသည်လည်း ရှိတက်ပေသည်။
ထို့ပြင် ယခုဘ၀၌ ကောင်းမှုများသော်လည်း အရင့်အရင် ဘ၀ပေါင်းများစွာက မကောင်းမှုများခဲ့လျှင်လည်း အရင်ဘ၀ က ၀ဋ်ကြွေးများကို ဆပ်ရန် ကျန်သေးသည့် အတွက် မကောင်းသောဘုံ၌ မကောင်းကျိုးကို ခံစားရတတ်ပေသည်။
အရေးကြီးသည်မှာ မိမိတို့သည် သေခါနီးအချိန်တွင် အဓိက ကျနေသောကြောင့် မိမိတို့ စိတ်ထဲ၌ အမြဲစွဲနေအောင် ကောင်းမှု ကုသိုလ်များကို နေ့စဉ်မပြတ် ပြုလုပ်နေဖို့ အရေး ကြီးပါသည်။ မိမိပြုလုပ်ခဲ့သော ကောင်းမှုများတွင် မိမိ၏ ခွန်းအား ဉာဏ်အား ငွေအားများဖြင့် စိတ်ပါလက်ပါ ပြုလုပ် ခဲ့သော ကောင်းမှုကို အဓိကအနေဖြင့် စိတ်ထဲမှာ အမြဲတမ်း အောက်မေ့နေပေးပါ။ မိမိတွင် အရင်ဘ၀တွေက မကောင်းမှု များခဲ့လျှင်သော်မှ ယခုမျက်မှောက်ဘ၀တွင် ကောင်းမှုများ ကို နေ့စဉ်ပြုလုပ်ပေးသွားမည်ဆိုလျှင် မိမိမှာ ကောင်းမှုများ နေ၍ မကောင်းမှုများသည် ကောင်းမှုများသာ ဆက်တိုက် အကျိုးပေးနေသဖြင့် အကျိုးပေးခွင့်မရဘဲ ပျောက်ပျက် သွား နိုင်ပါသည်။
ထို့ကြောင့်မိမိတို့သည် ယခုလိုလူ့ဘ၀မှာ ကောင်းမှု မကောင်း မှုကို ခွဲခြားတက်သော အသိဉာဏ် ရှိနေချိန်တွင် ကောင်းမှု များ နေ့စဉ်မပြတ်ပြုလုပ်ရန် အခါကောင်း ရောက်နေချိန်၌ မကောင်းမှုများအား တက်နိုင်သမျှရှောင်ကြဉ်ပြီး ကောင်းမှု များဖြင့် မွေ့လျော်နိုင်အောင် ကြိုးစားရန် အထူးလိုအပ်ပါပေ သည်။
မှတ်ချက်။ ။ ဗုဒ္ဓဘာသာတွင် လူဝင်စားဆိုတာလုံးဝ မရှိပါ။ လူဝင်စားလို့လဲ မမှတ်ယူရဘူးလို့ ဗုဒ္ဓကဆိုထားပါတယ်။ လူတိုင်းလူတိုင်းမှာ အတိတ်ဘ၀ကို ပြန်သိနိုင်တဲ့ ဇာသ္တိယ ဥာဏ်ဆိုတာ မွေးကတည်းကပါလာတတ်ပါတယ်။ မိခင်က ခုန်ပေါက်ခြင်း၊ လှုပ်ရမ်းခြင်းမရှိဘဲ ငြင်ငြင်သာသာလေး မွေးဖွားခဲ့မယ်ဆိုရင် အဲဒီခလေးဟာ အတိတ်ဘ၀က အဖြစ် အပျက်တွေကို ပြန်ပြောနိုင်ပါတယ်။ ခွေးတို့ နွားတို့စတဲ့ အပါယ်ဘ၀က လာရင်တော့ ပြန်မပြောနိုင်ပါဘူး။ လူသေရင် ဒီရုပ်ဒီနာမ် ဒီခန္ဓာကိုယ်ဟာ ဒီဘ၀မှာတင် ချုပ်ငြိမ်းပါတယ်။ နောက်ဘ၀နောက်ခန္ဓာကို ကံသတ္တိလေးနဲ့သာ ကူးပါတယ်။
နောက်တချက်က ကောင်းမှုကုသိုလ် အလှူဒါနတွေသည် သေကာနီးမှာ ဖြစ်ပေါ်တတ်တဲ့ ကုက္ကုစဆိုတဲ့ စိုးရိမ်ပူပန်စိတ် သောကဝေဒနာတွေကို အပါယ်မကျအောင် မဖယ်ရှားနိုင်ပါ။
ယခုတော့ ဤမျှနဲ့နားပါရစေ။ ဆန်နီနေမင်း