အရှင်ဘုရား...
အဝေးမှ ဦးတင်ပါသည်..အရှင်ဘုရား။
တပည့်တော်မှာ မေးစရာမေးခွန်းတွေ ရှိနေလို့ မေးခွင့်ပြုပါ ဘုရား။
၁။ စေတနာသည် ကံဖြစ်သည်လို့ ဖတ်ဘူးပါတယ်(ဟုတ် မဟုတ် အရင် သိလိုပါတယ် ဘုရား) ဟုတ်ခဲ့ရင်
(က) စေတနာ စေတသိက်ပါသော အမှုကိစ္စအားလုံးသည် သံသရာ ရှည်စေသော အကြောင်းရင်း ဟုတ်ပါသလား (အရပ်သုံး ပြောဆိုနေကြသော စေတနာသည် စေတနာစေတသိက်ကိုပဲ ရည်ရွယ်ပါသလား)
(ခ) ဘုရား ရဟန္တာတွေရဲ့ စိတ်တွေဟာ ကြိယာသက်သက် ဖြစ် တယ်လို့လဲ မှတ်သားဘူးပါတယ် ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင်။
(ဂ) ကြိယာစိတ်မှာ ဘယ်လို စေတသိတ်တွေနဲ့ ဘယ်လိုအမှု ကိစ္စ တွေ ဆောင်ရွက်လဲ သိချင်ပါတယ် ဘုရား။
၂။ ကောင်းမှု မကောင်းမှု ဘယ်လိုအမှုပဲ ပြုပြု သဘာဝနိယာမ အရ တူညီတဲ့ အကျိုး ပြန်လည်သက်ရောက်တယ်. (ကောင်းတာရော.. မကောင်းတာတွေပါ.. ပြန်လည်လာမယ်) လို့လဲ မှတ်သားဘူးပါတယ် ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင် ဥပမာလေးတခုနဲ့ စိတ်တခု ဖြစ်ပုံနဲ့ စိတ်ရဲ့ ဘယ်အခြေအနေ
ဘယ်အဆင့်မှာ ဘယ်လိုစွမ်းအားနဲ့ (action & reaction) သဘာဝနိယာမကို ဘယ်လို ဆက်စပ်ဆင်ခြင် ရမလဲဆိုတာ သိချင်ပါတယ် ဘုရား။
ရိုသေစွာဦးတင်လျှက်..
ဖြေ။ ။ (၁-က) စေတနာသည် ကံဖြစ်တယ်ဆိုတာ ဟုတ်ပါပေ သည်။ စေတနာသည် စေတသိက်ပင် ဖြစ်ပါသည်။ အလုပ်ကိစ္စ မှန်သမျှသည် ကံပင် ဖြစ်ပါတယ်။ စေတနာပါသော အမှုကိစ္စ အားလုံးသည် သံသရာ ရှည်စေသော အလုပ်များ မဟုတ်ပါပေ။ သံသရာမှ တဖြည်းဖြည်း လွှတ်အောင် အားထုတ်မှုနဲ့ အမြန်လွှတ် အောင် အားထုတ်မှုသာ ကွာခြားပေသည်။
ဒါနအမှုကို ပြုလုပ်သော သူသည် သံသရာတွင် ကြီးပွားချမ်းသာ ပြည့်စုံ၍ နေသောကြောင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရား ဘာဝနာကို အေးဆေးစွာ ပြုလုပ်နိုင်ပါသည်။ ဒါနအမှုကို မလုပ်ခဲ့ ၍ ဆင်းရဲနေသော ပုဂ္ဂိုလ်သည် စားဝတ်နေရေး အတွက် အလုပ် မအားသောကြောင့် ဥပုသ်သီလ ဆောက်တည်ရန် ခက်ခဲသကဲ့သို့
တရားအလုပ်ကို အေးဆေးစွာ လုပ်ရန်မှာလည်း မိမိမှာ မပြည့်စုံ သောကြောင့် နောက်ကြောင်း မအေးဘဲ ဖြစ်နေတတ်၍ တရား အလုပ်ကို စိတ်ချလက်ချ မပြုလုပ်နိုင်ကြပေ။
ထို့ကြောင့် ဒါနအလုပ်သည် သီလ ဘာဝနာ တို့ကို လုပ်ဆောင်ရန် အတွက် နောက်ခံ အထောက်အပံ့ ဖြစ်ပေသည်။ သို့ဖြစ်၍ ဘုရားရှင်သည် ဒါနပါရမီကို အစဦးစွာ ဖြည့်ကျင့်ခဲ့ပေသည်။
သံသရာရှည်စေသော တရားများသည် အကုသိုလ် အလုပ်များ သာ ဖြစ်ပေသည်။ တစ်ချို့က ဒါန လုပ်ခဲ့၍ ချမ်းသာသော်လည်း သီလအလုပ် တရားအလုပ်တို့ကို မလုပ်သောကြောင့် သံသရာ၌ ရှည်လျား နေတတ်ပေသည်။ ဒီလောက်ဆိုရင် နံပါတ်(၁-က) ရှင်း လိမ့်မည် ထင်ပါသည်။
(ခ) ဘုရား ရဟန္တာများ၏ စိတ်သည် ကြိယာစိတ် ဖြစ်ပါပေသည်။
(ဂ) ကြိယာစိတ် ဆိုသည်မှာ ကုသိုလ် အကုသိုလ်မှ လွတ်သော စိတ်ကို ဆိုလိုပေ သည်။ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်တယ်ဆိုရာ၌ အကြောင်းတရား၏ ရည်ရွယ်ချက် မျှော်လင့်မှု ပေါ်မှာ မူတည်ပြီး အလုပ်လုပ်ကြသောကြောင့် ထိုမူတည် လုပ် သော အမှုကိစ္စအလျောက် အကျိုးပေးဆိုတာ ဖြစ်လာရပေသည်။
ဥပမာ-မိမိက လူတစ်ယောက်ကို ကူညီရာ၌ သူ့ဆီမှ ပြန်လည်၍ ကူညီမှုကို လိုချင်သောကြောင့် လည်းကောင်း၊ သူ့၏ ကျေးဇူးဆပ် ခြင်း တစ်ခုခုကို လိုချင်သောကြောင့် လည်းကောင်း ပြုလုပ်ပေး လျှင် ထိုသူထံမှ တုန့်ပြန်မှုကို မိမိက ခံစားချင်သော ဆန္ဒနဲ့ ပြု လုပ်ခြင်းကြောင့် ထိုသူက ကောင်းသော တုန့်ပြန်မှုကို ပေးလျှင်
ကောင်းသော တုန့်ပြန်မှုကို ခံစားရမည်။ မကောင်းသော တုန့်ပြန် မှုကို ပေးလျှင် မကောင်းသော တုန့်ပြန်မှုကို ခံစားရပေမည်။
မိမိက လူတစ်ယောက်ကို ကူညီသောအခါ သူ့ဆီမှ ဘာမျှော်လင့် ချက် အကူအညီ တုန့်ပြန်မှုကိုမှ မလိုချင်ဘဲ ကူညီရုံ သက်သက် ဖြစ်လျှင် ထိုလူဆီမှ ဘယ်လို တုန့်ပြန်မှုလာလာ မိမိသည်လက်မခံ သောကြောင့် သူ၏ တုန့်ပြန်မှုသည် အရာမရောက် တော့ပေ။
ထို့အတူ ကိလေသာ မကင်းသေးသော ပုဂ္ဂိုလ်များသည် အကြောင်း တစ်ခုခုကို ပြုလုပ်ရာတွင် အကျိုးတစ်ခုခု ရဖို့ရန် မျှော်လင့်ချက်ထားပြီး ပြုလုပ်ကြသောကြောင့် မိမိလုပ်သော အကြောင်းတရားသည် အကျိုးပေးတစ်ခုခု ရရှိနေပေသည်။ ထို့ပြင် မိမိတို့မှာ အကျိုးပေးရန်အတွက် အကျိုးပေးကိုခံစားရန်
ခန္ဓာတစ်ခုခုဖြစ်ရန်လည်း ရှိနေပေသေးသည်။ ထိုအကျိုးပေးရန် ခန္ဓာကိုယ်ကို နောက်ထပ်ခန္ဓာကိုယ် မဖြစ်အောင် မပယ်သတ်နိုင် သေးသောကြောင့်လည်းကောင်း အကြောင်းတစ်ခုကို ပြုလုပ်ရာ တွင်လည်း မျှော်လင့်ချက် ကိလေသာ တစ်ခုခုနဲ့ လုပ်နေသေး သောကြောင့် ကုသိုလ် အကုသိုလ်ကံတို့က အကျိုးပေးနေခြင်း ဖြစ်ပေသည်။
ဘုရား ရဟန္တာတို့သည် အကျိုးပေးရန် ခန္ဓာကိုယ်ကိုလည်း နောက်ထပ် မဖြစ်နိုင်အောင် ပယ်သတ်ထား သောကြောင့် လည်းကောင်း အကြောင်းတစ်ခုခုကို လုပ်သောအခါ၌လည်း ဘာ မျှော်လင့်ချက်မှ မရှိဘဲ လူတစ်ယောက် အပေါ်မှာ ကူညီရုံ သက် သက်မျှသာ သဘောထား သကဲ့သို့ လုပ်ဆောင်သောကြောင့် ကုသိုလ်ကံတို့က အကျိုးပေးချင် သော်လည်း အကျိုးပေးခွင့် မရ ဘဲ ပြောက်ပျယ် သွားရပေသည်။ ဘုရား ရဟန္တာများသည် မိမိ ချမ်းသာသလို နေနိုင်သော်လည်း သူတော်ကောင်းများ ဖြစ်၍ သူတို့ လုပ်ပေးနိုင်သော အလုပ်များကို လုပ်ပေးနေခြင်း ဖြစ်ပေ သည်။
(၂) ကုသိုလ် အကုသိုလ်တို့ရဲ့ အကျိုးပေးပုံကိုတော့ ဦးဇင်းရှေ့၌ တင်ပြခဲ့သော ရေတွင်းထဲက ခဲလုံးကလေး ဥပမာနဲ့ဆို လုံလောက် မယ် ထင်ပါတယ်လေ။ ဒီလောက်ဆို လုံလောက်ပြီးဟု ထင်မြင်မိ သောကြောင့် ဒီမျှနဲ့ပဲ နားပါရစေ။
ဆန်နီနေမင်း