| ■ သရဏဂုံအကြောင်း |
|
သရဏဂုံမှာလည်း နှစ်မျိုးရှိပါသည်.. လောကုတ္တရာ သရဏဂုံ နှင့် လောကီ သရဏဂုံ ဟူ၍ ထပ်မံခွဲခြား နိုင်သည် … လောကုတ္တရာ သရဏဂုံ ဆိုသည်မှာ အရိယာပုဂ္ဂိုလ် သူတော်စင် များ၏ ရတနာမြတ် သုံးပါးပေါ် မမှိတ်မသုန် ယုံကြည် ကိုးကွယ်ခြင်းပင် ဖြစ်သည်။ လောကုတ္တရာ သရဏဂုံ တည်ပြီးသူသည် ဗုဒ္ဓဘာသာဝင် အဖြစ်မှ မည်သည့် အခါမျှ မဆုံးရှုံး နိုင်တော့ပါ။ လောကီသရဏဂုံ တည်သူမှာကား အခြားဘာသာဝင် အဖြစ် ခံယူသွားလျှင် ဖြစ်စေ ၊ ဘ၀တစ်ပါး သို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင် အဖြစ်မှ ဆုံးရှုံး သွားနိုင်သည်. လောကီသရဏဂုံ တည်သူများကိုလည်း ၄ မျိုး ခွဲခြား ထားပါသည်။
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်း ကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာ သုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍ သော်လည်းကောင်း လောကီ အကျိုးစီးပွား အတွက် သော်လည်းကောင်း ကိုးကွယ် ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု သဘောပိုက်ကာ ရိုသေ မြတ်နိုး၍ ကိုးကွယ် ဆည်းကပ်သူများကို လောကီ သရဏဂုံ တည်သူများဟု ခေါ်ပါသည်… ဗုဒ္ဓဘုရားရှင် ဟောကြားသော တရား အဆုံးအမ ဒေသနာတော်တို့နှင့်အညီ လိုက်နာ ကျင့်သုံး ခြင်း မရှိသေးသော်လည်း ရတနာမြတ် သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု ယုံကြည် ကိုးစားသော စိတ် ဖြစ်ပေါ် ခဲ့လျှင်ပင် ၄င်း ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည် သွားပြီဖြစ်၍ ဗုဒ္ဓဘာသာဝင် တစ်ဦးဟု ခေါ်ဝေါ်ခြင်း ခံထိုက်သွားပြီ ဖြစ်သည်… ဗုဒ္ဓမြတ်စွာ ဘုရားက ဗုဒ္ဓဘာသာဝင်များ နှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကို ဒွန်းစဏ္ဍားနှင့် တူသော ဥပါသက (အောက်တန်းစား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာ နှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်) များ ဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်…
အောက်ပါ အင်္ဂါရပ်များနှင့် ပြည်စုံသူ တို့ကို ဒွန်းစဏ္ဍားနှင့် တူသော ဥပါသက (အောက်တန်းစား ဗုဒ္ဓဘာသာဝင်) များ အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်…
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသော လောကီ မင်္ဂလာကို ပြုလုပ်လေ့ ရှိခြင်း။ (ဥပမာ -ဗေဒင် ယတြာ နတ်ကိုးကွယ်မှု ပြုလုပ်ခြင်း)
(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကို ယုံကြည်၍ ကံကို မယုံခြင်း။ (ဥပမာ - ဗေဒင် ယတြာကို ယုံကြည်ခြင်း )
(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်
သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့် တူသော ဥပါသက (အောက်တန်းစား ဗုဒ္ဓဘာသာဝင်) များသည် ရတနာမြတ် သုံးပါး အပေါ် မိမိ အသိဥာဏ်ပညာနှင့် ယှဉ်သော ကြည်ညို သဒ္ဓါစိတ် မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန် အဆုံးအမများအပေါ် ယုံယုံ ကြည်ကြည် လိုက်နာလေ့ မရှိခြင်း ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလ ဆိုင်ရာ ဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက် များကို မသိကျိုးကျွံ ပြု၍ အခွင့်သာတိုင်း ချိုးဖောက်လေ့ ရှိ သည်.. မိမိကိုယ်ကိုသာ အားထားရာ ဆိုသော ဗုဒ္ဓ၏ ဒေသနာ တော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ ကြီးပွားမည့် နည်းကို ရှာကြသည် ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ် ကောက်ယူလေ့ ရှိသော အယူအဆ များကို ယုံကြည် စွဲလမ်းသည် ဗေဒင် ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊အတိတ်တဘောင် စသည်တို့ကို အားကိုးသည်။ မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှု ကို မယုံကြည်ပဲ မကောင်းသော စေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည်။ ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ သွေဖည် ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူ များကို အားကိုးတစ်ကြီး ကိုးကွယ် ပူဇော်ကြသည်။ သူရဿတီ ဘိုးတော်များ သာသနာပ မယ်တော်များ၊ နတ်စာရင်း မ၀င် သော သုံးဆယ့်ခုနစ်မင်း နတ်များ ၊ ဗေဒင်ဆရာများ ထိုသူ များကို ဆည်းကပ်လေ့ ရှိကြသည်။
ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့သည့် သုံးဆယ့် ရှစ်ဖြာ မင်္ဂလာ တရားတော်နှင့် အညီ လိုက်နာ နေထိုင် ကျင့်ကြံ ရန်ကား စိတ်ကူးထဲပင် မထည့်ကြပင်…. ဗုဒ္ဓဘုရားရှင်က အောက်ပါ အင်္ဂါရပ်များနှင့် ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့် တူသော ဥပါသက( အထက်တန်းစား ဗုဒ္ဓဘာသာဝင်)များ အဖြစ် သတ်မှတ်တော်မူခဲ့သည်။
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲ ကံကို သာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်း တို့ပင် ဖြစ်သည် ။
အထက်ကဖော်ပြခဲ့တဲ့ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည်။ ပဒုမ္မာကြာနှင့် တူသော ဥပါသကများ သည် ရတနာမြတ် သုံးပါး အပေါ် အသိဥာဏ် ပညာနှင့် ယှဉ် လျက် မမှိတ်မသုန် ကိုးကွယ်ကြည်ညို သောကြောင့် ဗုဒ္ဓ၏ အဆုံးအမ စကားတော် များနှင့်အညီ လိုက်နာကျင့်သုံး နေထိုင်လေ့ ရှိကြသည်။ ထို့ကြောင့် ကိုယ်ကျင့်သီလ မြဲမြံသည် မိမိဘ၀ ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှ တစ်ပါး အခြားကိုးကွယ်ရာ မရှာတော့ပေ။ မှန်ကန်စွာ ကျင့်ကြံ မှန်ကန်စွာ ပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင် ဆောင်ရွက် နေသူများ ဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း ကြောက့်ရွံ ခြင်း မဖြစ်တော့ပေ။ ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့် တို့ကို ထည့်စဉ်းစား နေစရာ မလိုတော့ပါ။ ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော် များကိုလည်း ကိုးကွယ် အားကိုးခြင်း မရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်
နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း မြောက်ခြင်း မဖြစ်တော့ပဲ စစ်မှန်သော ဗုဒ္ဓဘာသာဝင် တစ်ဦးအဖြစ် ရာသက်ပန် မတုန်မလှုပ် နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ် သည်..အခုဆိုရင် စာဖတ်သူများ အနေဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင် နှင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင် ဘယ်လို ကွဲပြား ခြားနားတယ် ဆိုတာ နားလည် သဘောပေါက်
လောက်ပါပြီ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများ အနေဖြင့် မိမိတို့ကိုယ် မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာဝင် များလော အောက်တန်းစား ဗုဒ္ဓဘာသာဝင် များလောဟု ပြန်လည် ဆန်းစစ် ကြည့်သင့်ပေသည် ။ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင်လည်း ကြိုးပမ်းသွားဖို့ အထူး လိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ဆွေးနွေးချက်ကို ဒီမှာပဲ နိဂုံးချုပ် လိုက်ပါတယ် အထက်တန်းစား ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေဗျာ……
ဆရာဝင်းသိန်းဥိး ရေးသားတဲ့ ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကား ရေးသား ပါသည်။ |
| |
|
 |
အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ်၊ နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတမှာ အရိယာ၏ ဖော်ညွှန်း ဂုဏ်ရည် စာသွန်းစီသည် လ၀န်းရောင်ြခည် ဓမ္မစေတီ။ |
| မေတ္တာသုတ် |
|
| |
| နိုင်ငံတကာစံတော်ချိန် ကြည့်ရန် |

 |
| BBF သို့ အလှူငွေများ လှူဒါန်းနိုင်သည်၊၊ |
| Burmese Buddhist Föreningen |
| Clearing no: 8103-4 |
| Account no: 904 674 260-8 |
| IBAN: SE96 8000 0810 3490 4674 2608 |
| Swift Code: SWEDSESS |
 


|